အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)သည် ၁၉၉၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့တွင် စက်မှုလက်မှု အထက်တန်းကျောင်း အဖြစ် စတင်ခဲ့ပါသည်။ ထို့နောက် ၁၉၉၅ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့တွင် စက်မှုလက်မှုသိပ္ပံအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ၂၀၀၁ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ၂၀၀၈ခုနှစ်၊ ဩဂုတ်လ(၁၁)ရက်နေ့တွင် နည်းပညာတက္ကသိုလ်သို့ အဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်၊၊ ၂၀၀၉ခုနှစ်၊ မေလ (၅) ရက်နေ့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) တွင် အဓိကဘာသာရပ်ကြီး ငါးခုဖြစ်သော အဆောက်အဦ နည်းပညာသင်တန်း၊ အီလက်ထရောနစ် နည်းပညားသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယဉ် နည်းပညာသင်တန်း နှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း များကိုသင်ကြားပေးလျှက် ရှိသည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်၍ ကာလတိုသင်တန်းများ ကိုလည်း ဖွင့်လှစ်သင်ကြား ပေးလျှက်ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကရင်ပြည်နယ်၊ ဘားအံမြို့တောင်ဘက် သုံမိုင်ခန့်အကွာ၊ ဇွဲကပင်တောင်၏ မြောက်ဘက် (၄) မိုင်အကွာ၊ နည်းပညာတက္ကသိုလ်(ဘားအံ) နှင့် ကပ်ရပ်တည်ရှိပြီး၊ ကျောင်းရှေ့မျက်နှာချင်းဆိုင်တွင် စိုက်ပျိုးရေး သိပ္ပံ(ဇွဲကပင်) နှင့် ရဲသာကျေးရွာအနီးတွင် တည်ရှိပါသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်ပြီးဆုံးသည့်အခါ ထူးချွန်ကျောင်းသားများ သည် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပြီး ရိုးရိုးအောင်ကျောင်းသား/သူများအနေဖြင့် စက်ရုံအလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ ကျွမ်းကျင်မှုဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ခြင်း၊ အစိုးရဌာနများတွင် ဝင်ရောက်အမှုထမ်းခြင်းစသည့် မိမိတို့တတ်မြောက်ထားသည့် အတတ်ပညာများဖြင့် ဝင်ရောက်လုပ်ကိုင် နိုင်ပါသည်။ ပြည်တွင်းပြည်ပ ကုမ္ပဏီများမှလည်း အလုပ်အကိုင်လာရောက်ချိတ်ဆက် ဆောင်ရွက်နေပါ သည်။
ပုံမှန်(၂)နှစ်ကျောင်းသား၊ကျောင်းသူများအား တစ်လလျှင် ပညာသင်ထောက်ပံ့ကြေး သုံးသောင်း ကျပ်စီထောက်ပံ့ပေးခြင်း၊ ကာလတိုသင်တန်းသားများအတွက် တစ်နေ့လျှင် နှစ်ထောင်ကျပ်စီ ထောက်ပံ့ ပေးခြင်းနှင့် အလုပ်သင်ကာလများတွင် ကာလတိုသင်တန်းသား၊သင်တန်းသူ များအား တစ်ဦးလျှင် နေ့တွက်စရိတ် ၃၀၀၀ကျပ်စီထောက်ပံ့ပေးပါသည်။ ပညာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများအား စုံလင်စွာဖြင့် ဖြည့်ဆည်းပေးထားပါသည်။ ဆရာ၊ဆရာမများအား ပြည်တွင်းသင်တန်းများ သာမက နွေရာသီကျောင်းပိတ်ရက်များတွင် အာဒရာမြန်မာ၏ ထောက်ပံ့မှုဖြင့် ထိုင်းနိုင်ငံရှိ Technical college များသို့ TOT သင်တန်းများ ၃ပတ်ကြာသင်တန်း သွားရောက်စေလွှတ်နေပါသည်။ အဆင့်မြင့်ဘွဲ့လွန် သင်တန်းများသို့လည်းတက်ရောက်စေ လွှတ်လျှက်ရှိပါသည်။
Average Rating